ဘယ်လိုမှ မယုံကြည်နိုင်အောင် မျှော်လင့်မထားဘဲ တွေ့ရှိခဲ့ကာ ပြန်တမ်းတတိုင်း ကြည်နူးမဆုံးဖြစ်စေခဲ့တဲ့ ဓာတ်ပုံလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပထမဆုံးမိတ်ဆက်ပေးချင်သူက “ ဖေဖေ”လို့ ကျွန်မ တစ်ခါမှ မခေါ်ဘူးတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။
ကျွန်မ အမေနဲ့ ဆွေးမျိုးများက ရုပ်ဆိုးအကျည်းတန်လှတယ်လို့ ပြောကြတဲ့ ဖေဖေဟာ ကျွန်မအမြင်မှာ ခန့်ထည်ကြည့်ကောင်း နေပါတယ်။ ချစ်သောမျက်စိနဲ့လို့ ညွှန်းကြမယ်ဆိုရင် ဖေဖေ့ကို ချစ်လားဆိုတဲ့ ခံစားမှုဟာ ကျွန်မ မခွဲဖြာနိုင်တဲ့ ပုစ္ဆာဖြစ်ပါတယ်။
“ သမီးအဖေအကြောင်း မပြောချင်ဘူး”
“သမီးဘဝမှာ အဖေမလိုဘူး ။ အမေတစ်ယောက်တည်းနဲ့ ပြည့်ပြည့်စုံစုံထားနိုင်တယ်” ဆိုတဲ့ စကားလုံးတွေနဲ့ ပုံသွင်းခံခဲ့ရသူပါ။
ကိုယ့်ထက်ပညာတတ် ထက်မြက်တဲ့မိန်းမကြောင့် အဖေရဲ့ မာနကို ထိခိုက်ခဲ့လေသလား။ မနာလိုသွေးဆိုးကြတဲ့မိန်းမဖက်က ဆွေမျိုးတွေကို မကြည်ဖြူနိုင်ခြင်းဟာ အဖေရဲ့ရွေးချယ်မှုလား။
လူတကာတွေ ဘယ်လိုသွေးထိုးလည်း အဖေ့ကို ကြည်ညိုမပျက်ဖို့ သမီးအတတ်နိုင်ဆုံးကြိုးစားပါတယ်။
ဒါပေမယ့် သမီးကို အဖေဘာလို့ တစ်ခါလေးပင် လာမတွေ့ရတာလဲ။
ဓာတ်ပုံကိုကြည့်မိတိုင်း ရင်ထဲမှာ စူးလာကာ မျက်ရည်ရစ်ဝိုင်းလာ။ဒါပေမယ့် ကျွန်မ ကြည်နူးတယ်။ မေမေ့ကို ဖေဖေနဲ့ တွဲဖက်မြင်ရတယ်။မေမေကလည်း ပုံထဲမှာ ပြုံးနေတယ်။
မွေးကင်းစရက်ပိုင်းလေးမှာတင် ကျွန်မကို တနယ်တကျေးက အဘွားလက်ထဲအပ်ကာ အဒေါ်တွေလက်မှာ ကြီးပြင်းခဲ့ရသူကျွန်မအတွက် အမေဆိုတာလည်း ဖမ်းဆုပ်ရခက်ခဲတဲ့ ပုံရိပ်သာ ဖြစ်ပါတယ်။
“ သမီးကို မလေးမွေးထားတာ မဟုတ်ဘူး။ အန်တီကမှ အမေအရင်း” ဆိုတဲ့ အဒေါ်တစ်ယောက်ရဲ့ စနောက်စကားကို သိသိကြီးနဲ့ ယုံဖို့ ကြိုးစားဖူးသလို သူက ငါ့အမေရင်း မဟုတ်ဘူး ငါ့မိဘရင်းတွေက တစ်နေ့ပြန်လာခေါ်မှာလို့ အဖြစ်မှန်ကို လှည့်စားကာ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။
“ သမီးတို့ ပညာရေးအတွက်” ဆိုတဲ့ အကြောင်းပြချက်နဲ့ တာဝန်ကျရာဒေသတွေမှာ နေထိုင်ပြီး တစ်နှစ်ကို တစ်ကြိမ်သာတွေ့ဖြစ်တဲ့ မေမေ့ပုံလေးကိုကြည့်ကာ အမြဲခေါ်ဝေါ်ချင်လွန်းလှတဲ့ နာမ်စား မေမေလို့ရင်ထဲက တိုးတိတ်ရွတ်ဦးမယ်။
ပြီးတော့ အမေ့ကို အဒေါ်တွေခေါ်သလို မလေးလို့ ခေါ်ဝေါ်ကာ “မလေး သမီးကို ချစ်လား”လို့ ဘယ်တော့မှ ဖွင့်မဆိုဖြစ်တဲ့စကားကို ဓာတ်ပုံလေးကြည့်ကာ မေးမိဦးမယ်။
ဒီလိုဒဏ်ရာတွေ အနည်းငယ်ပြေလျော့လာရင်တော့ ဖေဖေ့လက်ပေါ်မှ ချစ်စဖွယ်ကောင်းလွန်းလှတဲ့ ကလေးမလေးကို ကြည်နူးစွာ ကြည့်မိဦးမယ်။
ပညာတတ်မိန်းမနဲ့ ပစ္စည်းရှိရွက်ကြမ်းရေကျိုဘွဲ့ရ ယောက်ျားတစ်ယောက်ရဲ့ မြေစာပင်တစ်ခုထဲက လှပသန်းစွမ်းတဲ့ ပန်းကလေးတစ်ပွင့်ဟာ ကျွန်မရဲ့ အစ်မ ဖြစ်ပါတယ်။
ရင်ထဲက ခံစားချက်တွေကို သိုဝှက်ထားတတ်ကာ ကျွန်မထက်ခံနိုင်ရည်ကောင်းသလို ကုသိုလ်ကံလည်း ပိုကောင်းသူ အစ်မဟာ ဖေဖေ့လက်ပေါ်မှာ ပြုံးရွှင်လို့နေပါတယ်။
သက်နှောင်းစနေဖြစ်နေပေမယ့် စနေဂြိုဟ်မွှေတာ။ကျွန်မကြောင့် အိမ်ထောင်ရေးပြိုကွဲရတာဆိုတဲ့ ခဏခဏရေရွတ်ခံပြီး ကြီးပြင်းခဲ့ရသူကျွန်မကလည်း ဓာတ်ပုံလေးထဲမှာ ပကတိပြုံးရယ်နေတာကြောင့် ဒီဓာတ်ပုံလေးကြည့်တိုင်း ကျွန်မမှာ အလိုအလျှောက်ပြုံးမိတာ။ ဒါပေမယ့် ကျွန်မရဲ့ ပျော်ရွှင်မှုတွေဟာ ဘယ်တော့မှ သက်ဆိုးမရှည်တာ အစဉ်အလာဖြစ်ပါတယ်။
“ ဒီဓာတ်ပုံ ဘယ်က ရတာလဲ ” ဆိုကာ အဒေါ်ငယ်က ပြန်သိမ်းသွားတဲ့အခါ သူဖြဲဆုပ်ပစ်လိုက်ပြီလား။ ဖျောက်ဖျက်ပစ်လိုက်ပြီလား လို့ပင် ကျွန်မ မမေးတော့ပါဘူး။ မသိချင်တော့ပါဘူး။
ဝမ်းနည်းနာကျင်မှုမြောက်များစွာထဲက အသေးငယ်ဆုံး အစိတ်အပိုင်းလေးသာမို့ ဒီဓာတ်ပုံအကြာင်းလေးကို မေ့မေ့ပျောက်ပျောက် ဖြစ်လို့ပင် နေခဲ့ပါပြီ။ …။
(လူကလေး tag လို့ ရေးဖြစ်တဲ့ ငယ်ဘဝတစ်စိတ်တစ်ဒေသလေးပါ။ စာလေးမကောင်းခဲ့ရင် သည်းခံပေးပါဦးလို့။ )
7 comments:
ပထမရေးလိုက်တဲ့ ကွန်မန့်လေး ပျောက်သွားပြီ :'(
ပြန်ရေးခဲ့မယ်နော်။
ဖတ်ပြီးစိတ်မကောင်းသလို သနားလည်းသွားတယ်။ ဒါဟာ ၀တ္တုလေးသာ ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ညီမလေးရယ်
မမေ၇... ဝမ်းနည်းနာကျင်မှုမြောက်များစွာထဲက အသေးငယ်ဆုံး အစိတ်အပိုင်းလေး........:'( အဆင်ပြေပါစေ မမေ၇.....။
အဲဒါတောင်မှ . ဘွားဘွားက . ဝမ်းနည်းနာကျင်မှုမြောက်များစွာထဲက အသေးငယ်ဆုံးအစိတ်အပိုင်းလေး . တဲ့လားဘွားဘွားရယ်းးးး သားသားငိုချင်လာပြီ သားငိုပစ်လိုက်တော့မယ်....ဘွားဘွား........
စာသားတွေက ခံစားချက်ပေါ်လွင်လှတယ်ကွယ့်။ လွန်ဆန်လို့မရတဲ့ ခွဲခွာခြင်းတွေဖြစ်တတ်ကြတာဘဲကွယ် ..
ကံကသာလျှင် ..
.. ကိုယ့်ဥစ္စာ ..
.. ကိုယ့်လက်ရှိရင်ဆိုင်ရမဲ့ အကြောင်းရင်း ၊
.. ကိုယ့်ရဲ့အမွေခံ ..
.. ကိုယ့်ရဲ့အဆွေအမျိုး ..
.. ကိုယ့်ရဲ့လဲလျောင်းရာ .. ဖြစ်ပေတယ်ကွယ့်။
ချစ်မလေးလသာည။ညီမလေး ငုခိုင်နဲ့ လူကလေးရေ...
ဒါဟာ အသေးငယ်ဆုံးအစိတ်အပိုင်းလေးပါ။ ဒီထက်ရေးစရာတွေ ရှိပါသေးတယ်။ လုံးချင်းတောင် ရေးချင်တာပါ။အဲဒီစာရေးရရင် စိတ်ပညာစာအုပ်တွေ အများကြီးဖတ်ချင်သေးလို့ မရေးသေးတာပါ။
အားပေးတာ ကျေးဇူးအထူးပါနော်။
စိတ်မကောင်းဘူး။ ဒါပေမဲ့ ဆက်ရေးမယ်ဆိုရင် အစ်မက စောင့်ဖတ်ချင်သေးတာ..။ အဆင်ပြေရင် ထပ်ရေးဦးနော်။
မမယ်ကိုးရေ..
ဖတ်ပြီး ခံစားရ ပါတယ်ဗျာ.
စိတ်ကူးယဉ်စာလေးသာ ဖြစ်ပါစေလို့ လသာညလို ဆုတောင်းသွားပါတယ်
ရွှင်လန်းချမ်းမြေ့ပါစေ
ခင်မင်စွာဖြင့်
သီဟသစ်
Post a Comment