ရောဂါနဲ့လူတွေက အသည်းခြောက်ပြီး
မကြာခင်သေကြတာ။ အသည်းကွဲရင်ရော....။ အသက်ရှည်ခြင်းဟာ ဘယ်လောက်တာရှည်ခံမှာလဲ။ အိပ်ရာထဲ ဘုံးဘုံးလဲမှ ဝေဒနာကို
အဖြေရှာကြည့်တော့ အစိတ်စိတ်အမွှာ၊ အပိုင်းပိုင်းအပဲ့ပဲ့ဖြစ်နေသော အသည်းများကို ဓာတ်မှန်ပြားပေါ်မှာ
မြင်နေရ။ တစ်ချို့မှာ အမှုန်အစအဖြစ် အသားကိုပင် လွင့်စင်ပေါက်ကွဲထွက်လာကြ။
မုန်းတယ်။
မသေသေးဘူးပဲ။ ချစ်လို့ရယ် မကုန်။ အသည်းသရုပ်ဟန် မပေါ်အောင် ကြေကွဲပဲ့ကြွေနေသော အသည်းလေးကို
သနားနေမိ။ လွမ်းလိုက်တာ။ ရူးရူးမိုက်မိုက် အသည်းလေးတစ်စက
မြေပေါ်လျှောက်သွားနေတယ်။ မိုးတွေကလည်းရွာနေရာ ချမ်းအေးစိုစွတ်ကာ ဖျားနာတော့မှာ။ ဆူးတွေငြိကာ
ထပ်မံနာကျင်တော့မှာ ။သနားပါတယ်။
မာရေကျောရေမျက်နှာပေးကျန်ခဲ့တဲ့ အသည်းလေးတစ်ပဲ့က နှာစေးချောင်းဆိုးနဲ့
နေမကောင်းဖြစ်ပြန်ပြီ။ စိတ်မကောင်းလိုက်တာ။ ငပေငတေအသည်းလေးတစ်ခုကတော့
မီးပုံထဲ ကျသွားတာ။ အံ့သြစရာ ပြာဖြစ်မသွားဘူးပဲ။ သံမီးခဲလို တရဲရဲတောက်ပနေရင်း တဟားဟားရယ်နေရာ။ ဘယ်လိုပါလိမ့်။ မျက်ရည်တလည်လည်ကြည့်နေသူမှာ ရှိုက်ကြီးတငင်ငိုမိပြန်တာ။
ဒူပေဒံပေခံနိုင်တယ် ထင်ရတဲ့ အသည်းလေးတစ်ပိုင်းမှာ ဆူးကိုင်းနဲ့ ထိပြီး လဲပြိုနာကျင်သွား နှလုံးသွေးစက်စက်နဲ့ ခြေမလှမ်းနိုင်တော့...။ ဒါပေမယ့် ခရီးစဉ်မဆုံးသေးဘူးဆိုပဲ။