“ ဆေးလွင့်ပုံရိပ်”



ဘယ်လိုမှ
မယုံကြည်နိုင်အောင် မျှော်လင့်မထားဘဲ တွေ့ရှိခဲ့ကာ ပြန်တမ်းတတိုင်း ကြည်နူးမဆုံးဖြစ်စေခဲ့တဲ့ ဓာတ်ပုံလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပထမဆုံးမိတ်ဆက်ပေးချင်သူက “ ဖေဖေ”လို့ ကျွန်မ တစ်ခါမှ မခေါ်ဘူးတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။
ကျွန်မ အမေနဲ့ ဆွေးမျိုးများက ရုပ်ဆိုးအကျည်းတန်လှတယ်လို့ ပြောကြတဲ့ ဖေဖေဟာ ကျွန်မအမြင်မှာ ခန့်ထည်ကြည့်ကောင်း နေပါတယ်။ ချစ်သောမျက်စိနဲ့လို့ ညွှန်းကြမယ်ဆိုရင် ဖေဖေ့ကို ချစ်လားဆိုတဲ့ ခံစားမှုဟာ ကျွန်မ မခွဲဖြာနိုင်တဲ့ ပုစ္ဆာဖြစ်ပါတယ်။

“ သမီးအဖေအကြောင်း မပြောချင်ဘူး”
“သမီးဘဝမှာ အဖေမလိုဘူး ။ အမေတစ်ယောက်တည်းနဲ့ ပြည့်ပြည့်စုံစုံထားနိုင်တယ်” ဆိုတဲ့ စကားလုံးတွေနဲ့ ပုံသွင်းခံခဲ့ရသူပါ။
ကိုယ့်ထက်ပညာတတ် ထက်မြက်တဲ့မိန်းမကြောင့် အဖေရဲ့ မာနကို ထိခိုက်ခဲ့လေသလား။ မနာလိုသွေးဆိုးကြတဲ့မိန်းမဖက်က ဆွေမျိုးတွေကို မကြည်ဖြူနိုင်ခြင်းဟာ အဖေရဲ့ရွေးချယ်မှုလား။

လူတကာတွေ ဘယ်လိုသွေးထိုးလည်း အဖေ့ကို ကြည်ညိုမပျက်ဖို့ သမီးအတတ်နိုင်ဆုံးကြိုးစားပါတယ်။

ဒါပေမယ့် သမီးကို အဖေဘာလို့ တစ်ခါလေးပင် လာမတွေ့ရတာလဲ။

ဓာတ်ပုံကိုကြည့်မိတိုင်း ရင်ထဲမှာ စူးလာကာ မျက်ရည်ရစ်ဝိုင်းလာ။ဒါပေမယ့် ကျွန်မ ကြည်နူးတယ်။ မေမေ့ကို ဖေဖေနဲ့ တွဲဖက်မြင်ရတယ်။မေမေကလည်း ပုံထဲမှာ ပြုံးနေတယ်။

မွေးကင်းစရက်ပိုင်းလေးမှာတင် ကျွန်မကို တနယ်တကျေးက အဘွားလက်ထဲအပ်ကာ အဒေါ်တွေလက်မှာ ကြီးပြင်းခဲ့ရသူကျွန်မအတွက် အမေဆိုတာလည်း ဖမ်းဆုပ်ရခက်ခဲတဲ့ ပုံရိပ်သာ ဖြစ်ပါတယ်။
“ သမီးကို မလေးမွေးထားတာ မဟုတ်ဘူး။ အန်တီကမှ အမေအရင်း” ဆိုတဲ့ အဒေါ်တစ်ယောက်ရဲ့ စနောက်စကားကို သိသိကြီးနဲ့ ယုံဖို့ ကြိုးစားဖူးသလို သူက ငါ့အမေရင်း မဟုတ်ဘူး ငါ့မိဘရင်းတွေက တစ်နေ့ပြန်လာခေါ်မှာလို့ အဖြစ်မှန်ကို လှည့်စားကာ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။

“ သမီးတို့ ပညာရေးအတွက်” ဆိုတဲ့ အကြောင်းပြချက်နဲ့ တာဝန်ကျရာဒေသတွေမှာ နေထိုင်ပြီး တစ်နှစ်ကို တစ်ကြိမ်သာတွေ့ဖြစ်တဲ့ မေမေ့ပုံလေးကိုကြည့်ကာ အမြဲခေါ်ဝေါ်ချင်လွန်းလှတဲ့ နာမ်စား မေမေလို့ရင်ထဲက တိုးတိတ်ရွတ်ဦးမယ်။
ပြီးတော့ အမေ့ကို အဒေါ်တွေခေါ်သလို မလေးလို့ ခေါ်ဝေါ်ကာ “မလေး သမီးကို ချစ်လား”လို့ ဘယ်တော့မှ ဖွင့်မဆိုဖြစ်တဲ့စကားကို ဓာတ်ပုံလေးကြည့်ကာ မေးမိဦးမယ်။

ဒီလိုဒဏ်ရာတွေ အနည်းငယ်ပြေလျော့လာရင်တော့ ဖေဖေ့လက်ပေါ်မှ ချစ်စဖွယ်ကောင်းလွန်းလှတဲ့ ကလေးမလေးကို ကြည်နူးစွာ ကြည့်မိဦးမယ်။
ပညာတတ်မိန်းမနဲ့ ပစ္စည်းရှိရွက်ကြမ်းရေကျိုဘွဲ့ရ ယောက်ျားတစ်ယောက်ရဲ့ မြေစာပင်တစ်ခုထဲက လှပသန်းစွမ်းတဲ့ ပန်းကလေးတစ်ပွင့်ဟာ ကျွန်မရဲ့ အစ်မ ဖြစ်ပါတယ်။
ရင်ထဲက ခံစားချက်တွေကို သိုဝှက်ထားတတ်ကာ ကျွန်မထက်ခံနိုင်ရည်ကောင်းသလို ကုသိုလ်ကံလည်း ပိုကောင်းသူ အစ်မဟာ ဖေဖေ့လက်ပေါ်မှာ ပြုံးရွှင်လို့နေပါတယ်။

သက်နှောင်းစနေဖြစ်နေပေမယ့် စနေဂြိုဟ်မွှေတာ။ကျွန်မကြောင့် အိမ်ထောင်ရေးပြိုကွဲရတာဆိုတဲ့ ခဏခဏရေရွတ်ခံပြီး ကြီးပြင်းခဲ့ရသူကျွန်မကလည်း ဓာတ်ပုံလေးထဲမှာ ပကတိပြုံးရယ်နေတာကြောင့် ဒီဓာတ်ပုံလေးကြည့်တိုင်း ကျွန်မမှာ အလိုအလျှောက်ပြုံးမိတာ။ ဒါပေမယ့် ကျွန်မရဲ့ ပျော်ရွှင်မှုတွေဟာ ဘယ်တော့မှ သက်ဆိုးမရှည်တာ အစဉ်အလာဖြစ်ပါတယ်။

“ ဒီဓာတ်ပုံ ဘယ်က ရတာလဲ ” ဆိုကာ အဒေါ်ငယ်က ပြန်သိမ်းသွားတဲ့အခါ သူဖြဲဆုပ်ပစ်လိုက်ပြီလား။ ဖျောက်ဖျက်ပစ်လိုက်ပြီလား လို့ပင် ကျွန်မ မမေးတော့ပါဘူး။ မသိချင်တော့ပါဘူး။
ဝမ်းနည်းနာကျင်မှုမြောက်များစွာထဲက အသေးငယ်ဆုံး အစိတ်အပိုင်းလေးသာမို့ ဒီဓာတ်ပုံအကြာင်းလေးကို မေ့မေ့ပျောက်ပျောက် ဖြစ်လို့ပင် နေခဲ့ပါပြီ။ …။


(လူကလေး tag လို့ ရေးဖြစ်တဲ့ ငယ်ဘဝတစ်စိတ်တစ်ဒေသလေးပါ။ စာလေးမကောင်းခဲ့ရင် သည်းခံပေးပါဦးလို့။ )


“ ပြစ်မှု”


ထက်ပိုင်းကျိုးအိပ်မက်တွေနဲ့ လူပါ။


ဘယ်လိုလဲကွယ်။
အနက်ရောင် မျက်လွှာမဆောင်ထားခဲ့လည်း
ရှုထောင့်လွဲမိတဲ့အခါ
စည်းမျဉ်းနဲ့လှမ်းရိုက်ပြန်....

ရောင်ခြည်တော်စက်ဝန်းထဲ ခိုလှုံခွင့်မရသူပါ။
သပွတ်အူတိမ်တိုက်မှာ
အတင့်အတယ် မနေတတ်တဲ့အခါ
ဖမ်းဆုပ်နည်းလေး သင်တန်းပေးမယ်တဲ့လား။

ဟင့်အင်း။

ဖြတ်သွားဖြတ်လာ
စာနာမှုလေး
လက်ဖြန့်မတောင်းနိုင်လို့
ရင်ထဲကိုပဲ မီးထပ်ရှို့ပါရစေ။

အထုံရေစက်ဆိုတာ အနတ္တသဘောပဲမို့
လက်လွှတ်ထွက်ပြေးတဲ့
ကံကိုလည်း မစောင့်တော့ဘူးရယ်။

ဒီလိုနဲ့ ကျွန်မ ဒီမှာရပ်နေပါတယ်။
အသေတစ်ဝက်နဲ့။
ကောင်းကင်အကျိုးနဲ့။ ....။



ကိုအယ်ကို tag လို့ ဘဝအကြောင်းရေးဖြစ်သွားတဲ့အတွက် ကျေးဇူးအထူးပါ။ အားပေးခဲ့ ချစ်မလေးလသာညနဲ့ ညီမလေး nguzar ကြောင့် စာလေးတွေဆက်ရေးဖြစ်သွားတဲ့အတွက်လည်း ကျေးဇူးအထူး =)

“လူမုန်းများတဲ့ဇာတ်ကောင်”




“နည်းနည်းလေးဖြစ်ဖြစ် ယုံစေချင်တယ်”

ဒီစကားကို သူဘာလို့ ပြောပါလိမ့်။ကျွန်မ နားမလည်ပါ။မျက်လှည့်ကို အစစ်အမှန်လို့ ယုံကြည်ရလောက်အောင် ကျွန်မ နုံအလွန်းရဲ့လို့ သတ်မှတ်ခဲ့လေသလား။
ဒါပေမယ့် ဒီတစ်ခါလဲ သူတွက်ဆမှု မလွဲပြန်ပါဘူး။
ဝဋ်ကြွေးအခက်အလက်တွေကို ဖက်တွယ်နေသူဟာ လူတကာဆိုသည့် ဖြစ်ရပ်မှန်ဆိုတာကို နားမလည်ချင်ယောင် ဆောင်ချင်လည်း စူးနစ်မှောင်မိုက်တဲ့ အမှန်တရားက အဖန်ဖန်သတ်ခဲ့ပြီ။

သူက သူ့ချစ်သူကို အရွဲ့တိုက်နေတဲ့အခိုက် ကျွန်မနဲ့ ဆုံခဲ့တာတဲ့လေ။သူတော်ကောင်းတွေ အဆိုအရ ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူးတဲ့။ဒါပေမယ့် မောဟနောက် တကောက်ကောက်လိုက်ရင်း ယိမ်းယိုင်မိုက်မဲလွန်းသူဟာ ယနေ့ထက်တိုင် မယုံနိုင်သေး။မယုံချင်သေး။ယုံလိုက်ဖို့ ခံနိုင်ရည် မရှိသေး။

နူးညံ့သိမ်မွေ့သော မျက်ဝန်းများ။
မင်းဟာ သိပ်အံ့သြဖို့ကောင်းတယ် ဘေးဘေ။
ကျွန်မ အမြင်မှန်ရပြီးတာတောင် ဇဝေဇဝါဖြစ်နေဆဲ။
ဒီလိုနဲ့ တံလျှပ်နားမှာ တဝဲလည်လည်။

တကယ်ချစ်ခဲ့တာတဲ့လား။
ကျွန်မ ယုံချင်ပါရဲ့။ ဒါပေမယ့် ဘယ်လို ယုံရမလဲ။ဘယ်မှာလဲ သက်သေတွေ၊အကြောင်းပြချက်တွေ။
သူ့ကောင်မလေးနဲ့ ကျွန်မ မျက်နှာချင်းဆိုင်လိုက်စဉ်မှာ တုန်လှုပ်သွေးပျက်သွားတဲ့ မျက်နှာ။ပြာလို မွဲကြေသွားတဲ့ အကြည့် ။အရာရာကို စိတ်ပျက်ကာ လုံးဝလက်လျော့ လိုက်တဲ့ ဟန်ပန်။

ကျွန်မ ဘယ်လိုနားလည်ပေးရမှာလဲ။
အဲဒါ ဝန်ခံတာလား။ဟန်ဆောင်တာလား။
ဘယ်အရာတွေကို ကိုးကွယ်ရတော့မလဲ။
ဒါဟာ စီရင်သူကံကြမ္မာရဲ့လုပ်ကြံမှုလား။သူပိုင်နိုင်တဲ့ ဇာတ်ညွှန်းရေးအတတ်ရဲ့ ကြိုးဆွဲရာလား။ ဘယ်တုန်းကမှ ဒီလောက် မသိမ်ငယ်ခဲ့ပါ။

သူတို့ရဲ့ဇာတ်နာခန်းအတွက် ရည်ရွယ်ချက်နဲ့ သူရောက်လာတာတဲ့။
သူခင်းတဲ့ စီမံကိန်းအတွက် ကျွန်မရဲ့နှလုံးသားက ကုန်ကြမ်းတဲ့။
သူတို့ကြားမှာ ကျွန်မက မုန်းစရာ မိန်းမကြမ်းကြီးတဲ့။

လူတကာရဲ့ ရယ်မောသံကြားမှာ နှလုံးသွေးတွေ အငွေ့ပျံသွားခဲ့တာ။ဇာတ်ကွက်က ရှေ့တလှမ်းတိုးရင် မီးလောင်ပြင်။ နောက်ကိုဆုတ်ရင် ဖုန်းဆိုးမြေဆိုးလား။ဘာပဲဆိုဆို လမ်းခုလတ်မှာပင် ကျွန်မ သေသွားပြီ။ ကျွန်မ သေခဲ့ပြီ။သေဦးမည်။
ဒါပေမယ့် ကျွန်မ နားတွေကြားနိုင်ပါသေးတယ် ဘေးဘေ။

မင်းရယ်လိုက်ပါ။
မင်းနိုင်တယ် ဆိုပြီး ကြွားဝံ့ပါဦး။
မင်း အောင်ပွဲခံမယ်ဆိုလည်း ရေလိုက်ငါးလိုက်နေလိုက်ဖို့ ကျွန်မ အဆင်သင့် ပြင်ဆင်ထားပါတယ်။
မင်းရဲ့ ချစ်လှစွာသော ကောင်မလေးလက်ကို တွဲပြီး ခေါင်းမော့ပြုံးနေပါ။



စောစောစီးစီး ဗီလိန်သေသွားတဲ့ ဇာတ်လမ်းလေကွယ်။တကယ်ပါ။ကျွန်မရဲ့ ဂုဏ်သိက္ခာတွေ အဖတ်ဆည်နိုင်ပြီလေ။လူမှုရေးရာယဉ်ကျေးမှုနဲ့ မင်းရဲ့ ကြင်နာခဲ့မှုတွေအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောစေချင်သေးတာလား။
ဖြစ်ပါတယ်။
လုံခြုံခြင်းမဲ့တဲ့ လောကအလယ်မှာ တစ်ယောက်က တစ်ယောက်ကို ရက်စက်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နိုင်တဲ့နောက်တော့ ဘယ်အရာက ပိုခက်ဦးတော့မှာလဲကွယ်။

ဒါပေမယ့် အကြွင်းအစလေးပင် မယုံနိုင်သေးတာ ဆိုးရွားလှချည့်။
တစ်ယောက်က တစ်ယောက်ရဲ့ လိုအပ်ချက်မဟုတ်တော့ဘူးတဲ့။
မျက်နှာလွှဲကာ ငိုလိုက်ချင်လည်း မျက်ရည်ခံထိုးသလို ဖြစ်မှာ စိုးရိမ်ကာ ဟက်ကနဲရယ်လိုက်မိပြန်။
ရွံ့ရှာစရာ မျက်နှာကြောပဲနော်။ မင်း မုန်းတယ် မဟုတ်လားကွယ်။
အသေအချာပေါ့။ဘေးဘေ ဘယ်တုန်းကမှ မချစ်ခဲ့တဲ့ မိန်းမပဲလေ။

ခါးသီးလိုက်တာ။
ထပ်မံ စိမ့်ထွက်လာမယ့် မျက်ရည်တွေကို ကြောက်ရွံ့ကာ အံကြိတ်ကာ နှုတ်ခမ်းစေ့ပြုံးနေရပြန်တာ။
ဒါပေမယ့် သူ့အရိပ်လေးကို စွေစောင်းလို့ပင် မကြည့်ရဲ။

အတ္တမာနတွေကို သိပ်သည်းပြင်းထန်လာအောင် မွေးမြူဆဲမှာပင် မြတ်နိုးတွယ်တာစိတ်ဟာ ချိုးနှိမ်ရင်းကပင် ရုတ်သိမ်းမနိုင်အောင် တိုးပွားကြီးထွားလာနေဆဲလေ။ဒါပေမယ့် သူ လှည့်စားခဲ့လည်း အပြစ်လို့ မစွပ်စွဲရက်နိုင်လောက်အောင် ပုံပြင်ကို မြတ်နိုးယုံစားမိသူက ခွင့်လွှတ်အရှုံးပေးနိုင်ခဲ့တာကိုတော့ မသိစေရက်ပြန်။

တော်ပြီလေ။
လွမ်းစရာကို နာစရာနဲ့ ဖြေရသတဲ့။
အသေအချာပါ။ နောက်ကွယ်မှာ သူ သဘောတကျနဲ့ လှောင်ပြောင်သရော်နေမှာပါ။
ဘယ်လိုပင် ကိုယ့်ကိုကိုယ် အယုံသွင်းလဲ သိပ်တော့လည်း မထင်ပြန်။အနည်းအကျည်းတော့
ချစ်ခဲ့မှာပါ။ဒီကမ္ဘာပေါ်မှာ သူ့ကို အချစ်ဆုံးမိန်းမတစ်ယောက်ကို အကြောင်းမဲ့ မမုန်းတန်ရာ။

မိုက်မဲလွန်းသူမို့ အမှန်တရားကို ယုံနိုင်ရန်ခက်ခဲနေဆဲလေ။
တစ်ယောက်ရဲ့ မျက်ရည်ဟာ တစ်ယောက်ရဲ့ အောင်မြင်မှုလို့ ဆိုတဲ့အခါ။
ဒါပေမယ့် ရက်စက်ညှဉ်းပန်းတဲ့ အချိန်တွေကို အံတုနေထိုင်ရင်း ဥာဏ်မမီတဲ့ ပုစ္ဆာမို့ လက်လျှော့လိုက်ပါပြီ။

ဘေးဘေ ပျော်ရွှင်ပါစေ။ရူးနှမ်းသူကျွန်မကတော့ တအုံနွေးနွေးအလွမ်းတွေကို တသသထွေးဖက်ထားဆဲပေမယ့် ဒီဇာတ်ရုပ်အစစ်ကို ဘယ်သူမှ သိစရာမလို။

သဲလွန်စတစ်စုံတစ်ရာနဲ့ လူတကာက မျက်ခြေမပြတ်စောင့်ကြည့်လည်း အပြုံးတုမှာ အသားကျနေပြီမို့ ဘာကိုမှလည်း မမှုချင်တော့။
ဒီလိုနဲ့ ပြီးပါပြီလို့ ရဲရဲဝံ့ဝံ့စာတမ်းထိုးနိုင်တော့မှာ။



ဘယ်လိုလဲ ဘေးဘေ။
မင်းလက်ခံတယ် မဟုတ်လားကွယ်။မင်း မနှစ်လိုတဲ့ မုန်းစရာမိန်းမရယ်ပါ။


( စာလေး မချောရင် အထူးတောင်းပန်ပါတယ်နော်။ ထပ်မံကြိုးစားပါဦးမယ်။)


မေတ္တာများဖြင့်
မယ်ကိုး



 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates