skip to main |
skip to sidebar
“နည်းနည်းလေးဖြစ်ဖြစ် ယုံစေချင်တယ်”
ဒီစကားကို သူဘာလို့ ပြောပါလိမ့်။ကျွန်မ နားမလည်ပါ။မျက်လှည့်ကို အစစ်အမှန်လို့ ယုံကြည်ရလောက်အောင် ကျွန်မ နုံအလွန်းရဲ့လို့ သတ်မှတ်ခဲ့လေသလား။
ဒါပေမယ့် ဒီတစ်ခါလဲ သူတွက်ဆမှု မလွဲပြန်ပါဘူး။
ဝဋ်ကြွေးအခက်အလက်တွေကို ဖက်တွယ်နေသူဟာ လူတကာဆိုသည့် ဖြစ်ရပ်မှန်ဆိုတာကို နားမလည်ချင်ယောင် ဆောင်ချင်လည်း စူးနစ်မှောင်မိုက်တဲ့ အမှန်တရားက အဖန်ဖန်သတ်ခဲ့ပြီ။
သူက သူ့ချစ်သူကို အရွဲ့တိုက်နေတဲ့အခိုက် ကျွန်မနဲ့ ဆုံခဲ့တာတဲ့လေ။သူတော်ကောင်းတွေ အဆိုအရ ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူးတဲ့။ဒါပေမယ့် မောဟနောက် တကောက်ကောက်လိုက်ရင်း ယိမ်းယိုင်မိုက်မဲလွန်းသူဟာ ယနေ့ထက်တိုင် မယုံနိုင်သေး။မယုံချင်သေး။ယုံလိုက်ဖို့ ခံနိုင်ရည် မရှိသေး။
နူးညံ့သိမ်မွေ့သော မျက်ဝန်းများ။
မင်းဟာ သိပ်အံ့သြဖို့ကောင်းတယ် ဘေးဘေ။
ကျွန်မ အမြင်မှန်ရပြီးတာတောင် ဇဝေဇဝါဖြစ်နေဆဲ။
ဒီလိုနဲ့ တံလျှပ်နားမှာ တဝဲလည်လည်။
တကယ်ချစ်ခဲ့တာတဲ့လား။
ကျွန်မ ယုံချင်ပါရဲ့။ ဒါပေမယ့် ဘယ်လို ယုံရမလဲ။ဘယ်မှာလဲ သက်သေတွေ၊အကြောင်းပြချက်တွေ။
သူ့ကောင်မလေးနဲ့ ကျွန်မ မျက်နှာချင်းဆိုင်လိုက်စဉ်မှာ တုန်လှုပ်သွေးပျက်သွားတဲ့ မျက်နှာ။ပြာလို မွဲကြေသွားတဲ့ အကြည့် ။အရာရာကို စိတ်ပျက်ကာ လုံးဝလက်လျော့ လိုက်တဲ့ ဟန်ပန်။
ကျွန်မ ဘယ်လိုနားလည်ပေးရမှာလဲ။
အဲဒါ ဝန်ခံတာလား။ဟန်ဆောင်တာလား။
ဘယ်အရာတွေကို ကိုးကွယ်ရတော့မလဲ။
ဒါဟာ စီရင်သူကံကြမ္မာရဲ့လုပ်ကြံမှုလား။သူပိုင်နိုင်တဲ့ ဇာတ်ညွှန်းရေးအတတ်ရဲ့ ကြိုးဆွဲရာလား။ ဘယ်တုန်းကမှ ဒီလောက် မသိမ်ငယ်ခဲ့ပါ။
သူတို့ရဲ့ဇာတ်နာခန်းအတွက် ရည်ရွယ်ချက်နဲ့ သူရောက်လာတာတဲ့။
သူခင်းတဲ့ စီမံကိန်းအတွက် ကျွန်မရဲ့နှလုံးသားက ကုန်ကြမ်းတဲ့။
သူတို့ကြားမှာ ကျွန်မက မုန်းစရာ မိန်းမကြမ်းကြီးတဲ့။
လူတကာရဲ့ ရယ်မောသံကြားမှာ နှလုံးသွေးတွေ အငွေ့ပျံသွားခဲ့တာ။ဇာတ်ကွက်က ရှေ့တလှမ်းတိုးရင် မီးလောင်ပြင်။ နောက်ကိုဆုတ်ရင် ဖုန်းဆိုးမြေဆိုးလား။ဘာပဲဆိုဆို လမ်းခုလတ်မှာပင် ကျွန်မ သေသွားပြီ။ ကျွန်မ သေခဲ့ပြီ။သေဦးမည်။
ဒါပေမယ့် ကျွန်မ နားတွေကြားနိုင်ပါသေးတယ် ဘေးဘေ။
မင်းရယ်လိုက်ပါ။
မင်းနိုင်တယ် ဆိုပြီး ကြွားဝံ့ပါဦး။
မင်း အောင်ပွဲခံမယ်ဆိုလည်း ရေလိုက်ငါးလိုက်နေလိုက်ဖို့ ကျွန်မ အဆင်သင့် ပြင်ဆင်ထားပါတယ်။
မင်းရဲ့ ချစ်လှစွာသော ကောင်မလေးလက်ကို တွဲပြီး ခေါင်းမော့ပြုံးနေပါ။
စောစောစီးစီး ဗီလိန်သေသွားတဲ့ ဇာတ်လမ်းလေကွယ်။တကယ်ပါ။ကျွန်မရဲ့ ဂုဏ်သိက္ခာတွေ အဖတ်ဆည်နိုင်ပြီလေ။လူမှုရေးရာယဉ်ကျေးမှုနဲ့ မင်းရဲ့ ကြင်နာခဲ့မှုတွေအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောစေချင်သေးတာလား။
ဖြစ်ပါတယ်။
လုံခြုံခြင်းမဲ့တဲ့ လောကအလယ်မှာ တစ်ယောက်က တစ်ယောက်ကို ရက်စက်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နိုင်တဲ့နောက်တော့ ဘယ်အရာက ပိုခက်ဦးတော့မှာလဲကွယ်။
ဒါပေမယ့် အကြွင်းအစလေးပင် မယုံနိုင်သေးတာ ဆိုးရွားလှချည့်။
တစ်ယောက်က တစ်ယောက်ရဲ့ လိုအပ်ချက်မဟုတ်တော့ဘူးတဲ့။
မျက်နှာလွှဲကာ ငိုလိုက်ချင်လည်း မျက်ရည်ခံထိုးသလို ဖြစ်မှာ စိုးရိမ်ကာ ဟက်ကနဲရယ်လိုက်မိပြန်။
ရွံ့ရှာစရာ မျက်နှာကြောပဲနော်။ မင်း မုန်းတယ် မဟုတ်လားကွယ်။
အသေအချာပေါ့။ဘေးဘေ ဘယ်တုန်းကမှ မချစ်ခဲ့တဲ့ မိန်းမပဲလေ။
ခါးသီးလိုက်တာ။
ထပ်မံ စိမ့်ထွက်လာမယ့် မျက်ရည်တွေကို ကြောက်ရွံ့ကာ အံကြိတ်ကာ နှုတ်ခမ်းစေ့ပြုံးနေရပြန်တာ။
ဒါပေမယ့် သူ့အရိပ်လေးကို စွေစောင်းလို့ပင် မကြည့်ရဲ။
အတ္တမာနတွေကို သိပ်သည်းပြင်းထန်လာအောင် မွေးမြူဆဲမှာပင် မြတ်နိုးတွယ်တာစိတ်ဟာ ချိုးနှိမ်ရင်းကပင် ရုတ်သိမ်းမနိုင်အောင် တိုးပွားကြီးထွားလာနေဆဲလေ။ဒါပေမယ့် သူ လှည့်စားခဲ့လည်း အပြစ်လို့ မစွပ်စွဲရက်နိုင်လောက်အောင် ပုံပြင်ကို မြတ်နိုးယုံစားမိသူက ခွင့်လွှတ်အရှုံးပေးနိုင်ခဲ့တာကိုတော့ မသိစေရက်ပြန်။
တော်ပြီလေ။
လွမ်းစရာကို နာစရာနဲ့ ဖြေရသတဲ့။
အသေအချာပါ။ နောက်ကွယ်မှာ သူ သဘောတကျနဲ့ လှောင်ပြောင်သရော်နေမှာပါ။
ဘယ်လိုပင် ကိုယ့်ကိုကိုယ် အယုံသွင်းလဲ သိပ်တော့လည်း မထင်ပြန်။အနည်းအကျည်းတော့
ချစ်ခဲ့မှာပါ။ဒီကမ္ဘာပေါ်မှာ သူ့ကို အချစ်ဆုံးမိန်းမတစ်ယောက်ကို အကြောင်းမဲ့ မမုန်းတန်ရာ။
မိုက်မဲလွန်းသူမို့ အမှန်တရားကို ယုံနိုင်ရန်ခက်ခဲနေဆဲလေ။
တစ်ယောက်ရဲ့ မျက်ရည်ဟာ တစ်ယောက်ရဲ့ အောင်မြင်မှုလို့ ဆိုတဲ့အခါ။
ဒါပေမယ့် ရက်စက်ညှဉ်းပန်းတဲ့ အချိန်တွေကို အံတုနေထိုင်ရင်း ဥာဏ်မမီတဲ့ ပုစ္ဆာမို့ လက်လျှော့လိုက်ပါပြီ။
ဘေးဘေ ပျော်ရွှင်ပါစေ။ရူးနှမ်းသူကျွန်မကတော့ တအုံနွေးနွေးအလွမ်းတွေကို တသသထွေးဖက်ထားဆဲပေမယ့် ဒီဇာတ်ရုပ်အစစ်ကို ဘယ်သူမှ သိစရာမလို။
သဲလွန်စတစ်စုံတစ်ရာနဲ့ လူတကာက မျက်ခြေမပြတ်စောင့်ကြည့်လည်း အပြုံးတုမှာ အသားကျနေပြီမို့ ဘာကိုမှလည်း မမှုချင်တော့။
ဒီလိုနဲ့ ပြီးပါပြီလို့ ရဲရဲဝံ့ဝံ့စာတမ်းထိုးနိုင်တော့မှာ။ ဘယ်လိုလဲ ဘေးဘေ။
မင်းလက်ခံတယ် မဟုတ်လားကွယ်။မင်း မနှစ်လိုတဲ့ မုန်းစရာမိန်းမရယ်ပါ။
( စာလေး မချောရင် အထူးတောင်းပန်ပါတယ်နော်။ ထပ်မံကြိုးစားပါဦးမယ်။) မေတ္တာများဖြင့်
မယ်ကိုး
5 comments:
Thanks !!
ကိုယ်တကယ်ချစ်တဲ့လူက ကိုယ့်ကိုချန်ရစ်ခဲ့လည်း ၀မ်းနည်းပူဆွေးနေစရာမလိုဘူးလို့ အဘိုးထင်တယ်ကွယ့် ။ ကိုယ်ကသူ့လောက်မဆုံးရှုံးနိုင်ပါဘူးကွယ့်။ သူကမှသူ့ကိုချစ်တဲ့လူတစ်ယောက်ဆုံးသွားတာကွယ့်။ ကိုယ်ကအရင်းအတိုင်းပေါ့ကွယ့်.. အဘိုးကတော့ကိုယ့်ကိုကိုယ်စိတ်ဒဏ်ရာမပေးခဲ့ဘူးကွယ့်။ ဒါကြောင့်မို့အခုထက်ထိနုပျိုနေဆဲဘဲကွယ့်။ သြော..သမုဒယသံယောဇဉ်တွေ....ဒုက္ခဒုက္ခ
မမေ၇..ဒုတိယအကြိမ်ရင်ဘတ်နဲ့ဖတ်ပြီးတော်တော်လေးကိုမောသွားပါကြောင်း....
မငိုချင်ဘူး မယ်ကိုးရယ်။ မငိုပါနဲ့လားဟယ်..။ ငိုရမယ့်အကြောင်းတွေ မေ့ကြရအောင်လေ..
"မိုက်မဲလွန်းသူမို့ အမှန်တရားကို ယုံနိုင်ရန်ခက်ခဲနေဆဲလေ။
တစ်ယောက်ရဲ့ မျက်ရည်ဟာ တစ်ယောက်ရဲ့ အောင်မြင်မှုလို့ ဆိုတဲ့အခါ။
ဒါပေမယ့် ရက်စက်ညှဉ်းပန်းတဲ့ အချိန်တွေကို အံတုနေထိုင်ရင်း ဥာဏ်မမီတဲ့ ပုစ္ဆာမို့ လက်လျှော့လိုက်ပါပြီ။"
ဒါလေးကြိုက်တယ် :)
Post a Comment