“ ငါးပုံပြင်”



သံသရာတစ်ကွေ့မှာ ကလေးလေးနဲ့ ငါးဟာ မရည်ရွယ်ဘဲ ကြုံဆုံမိကြတာ။ ကစားစရာအသစ်ရသွားတဲ့ ကလေးလေးဟာ အထပ်ထပ်တေးဆိုပြီး ငါးကို မှန်အိမ်ထဲထည့်တယ်။ ငါးကလေးဟာ ဒီသီချင်းဟာ သူ့အတွက်သာ ရည်စူးဆိုတာလို့ ထင်နေသတဲ့။ ကလေးလေးက စကားလာပြောတိုင်း သူ့ကို အရေးတယူရှိရှာတယ်လို့ ကြည်နူးရှာတယ်။ ချောင်ထဲက ငါးမို့ ဝန်းကျင်မှာ ငါးလှလှလေးတွေ အလှမွေးထားမှန်းလည်း မသိရှာပါဘူး။

ဒီရယ်စရာဇာတ်လမ်းဟာ ကလေးလေးက ငါးကို စွန့်အပြီးမှာ ဖြစ်ရပ်မှန်ကြေကွဲခြင်းနဲ့ ထိပ်တိုက်တိုးပြီလေ။ ကလေးလေးက ပြောသေးတယ်။ “ မင်းကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ပျော်သလိုနေပေတော့ ... ” တဲ့။ ငါးမှာ နားမရှိပါဘူး။ ဒါပေမယ့် သူကြားခဲ့တယ်။ပြီးတော့ သူမယုံဘူးတဲ့လေ။
သူ ကို မစွန့်ပါနဲ့ ... လို့သွေးရူးသွေးတန်းတောင်းပန်ရှာတယ်။

ချောင်လေးထဲမှာပဲ အေးအေးဆေးဆေးသူနေပါ့မယ်။ကလေးလေး တစ်ခြားငါးတွေကို ကြည်နူးခွန်းဆိုနေချိန်မှာလည်း ငြိမ်ငြိမ်လေးမလှုပ်ရှားပါဘူးလို့ အခွန်းထပ်ဆိုပေမယ့် ကလေးလေးက ငြီးငွေ့သွားပြီ။ မမြင်ချင်တော့ဘူးတဲ့လေ။

ဒီလိုနဲ့ ရင်ကွဲနာကျသွားတဲ့ ငါးဟာ အသေလို မြစ်ထဲမျောတယ်။ အလွမ်းဒဏ်နဲ့ မလှုပ်မရှက် ရိုရိုသေသေဆုတောင်းတယ်။ ကလေးလေးကို မြင်ရနိုး သေဘေးကို မကြောက်ဘဲ မြစ်ဦးမှာ တိတ်တိတ်လေး စောင့်တယ်။ ဒါပေမယ့် ပျော်စရာတွေ များပိုင်တဲ့ ကလေးလေးဟာ မြစ်ကမ်းကို ခြေဦးမလှည့်တော့ဘူးရယ်။

နောက်ဆုံးမှာ ပြင်းဟုန်ရှနေတဲ့အပူကို ပျောက်လိမ့်နိုးနဲ့ ငါးဟာ မြစ်ဖျားပေါ်တက်လာတယ်။ ကြောက်ရွံတတ်လွန်းပေမယ့် ကလေးလေးအရိပ်ကို မြင်ချင်ဇောနဲ့ သေလုအောင် နာလိမ့်မယ်ဆိုတာ သိလည်း မကြောက်မရွံအမြင့်ကြီးပျံတက်လို့ ကုန်းပေါ်ရောက်ဖို့ ကြိုးစားပြီလေ။

ပထမ သူ့အရေပြားတွေ ပွန်းပေါက်ပဲတယ်။ နားလွန်းလို့ တစ်ဆတ်ဆတ်တုန်နေတဲ့ ငါးဟာ မြစ်ထဲ ပြန်ပြုတ်ကျသွားတယ်။ဒါပေမယ့် ကလေးလေးအရိပ်ကြောင့် နောက်တစ်ခေါက်ကြိုးစားမိပြန်တဲ့အခါ သူ့အသားတွေ ပြတ်ကွဲရှကုန်တယ်။ ဒီလိုနဲ့ မေ့မျောရင်း ရေထဲ ပြန်ရောက်သွားပြန်တာ။

ဟုတ်ပါတယ်။ မယုံနိုင်ဖွယ်ပါ။ ကလေးလေးအပြုံးကလွဲလို့ ကျန်တဲ့အရာကို အမှတ်မရှိတဲ့ ငါးရယ်လေ။ နိဂုံးမှာတော့ သူ့အရိုးတွေ ကြေကာ သွေးတွေ အန်ထွက်တယ်။ ကလေးလေး အရိပ်ကိုလည်း မမြင်ရလိုက်ပါဘဲ သေငင်ဇောမှာ ဘာဆုမှလည်း မတောင်းနိုင်ခင် အသက်ပျောက်ရှာလေတာ။

လူတွေကြားတော့ ရယ်ကြတယ်လေ။ ကလေးလေးကလည်း ဘေးလူတွေရယ်သလို လိုက်ရယ်တယ်။ ပြီးတော့ “ဒီလောက်ဥာဏ်နည်းလှတဲ့ ငါး သေတာတောင် နည်းသေး ” ဆိုပဲ။ နှလုံးသားပဲ ရှိတဲ့ငါးပါ လို့ ချေပပေးမယ့်သူ မရှိဘူး။ ငါးမှာ ကလေးလေး တစ်ဦးတည်းသာ တွယ်တာခဲ့တာပါ ဆိုကာ ထုချေလွှာ တင်ပေးသူ မရှိဘူး။

ဒီလိုနဲ့ လျှောက်လဲချက် မပေးနိုင်ဘဲ မျက်လုံးပွင့်လျက် သေနေတဲ့ငါးကို ဝမ်းသာအားရ ရင်ခွဲကြလေရဲ့။

အဲဒီမှာ ငါးရဲ့ရင်ထဲက ရွှေရောင်ဝင်းလက်နေတဲ့ အရာလေးကို တွေ့ရှိသွားခဲ့တာ။

အမြုတေဆိုပဲ။
အလုအယက်ယူကြ။လုယက်ကြ။
နောက်ဆုံးမှာ သူတို့ဟာ အမြုတေစစ်မစစ် စမ်းသပ်ကြတယ်။

အမြုတေလေးကို ဓားနဲ့ခုတ်တယ်။ မလွဲပါဘူး။နာလွန်းလို့ အမြုလေးက ကလေးလေးကို တပြီး ကြူကြူပါအောင် အော်ရှာတယ်။သေနတ်နဲ့ပစ်တယ်။ ဗဟိုမှတ်ကို တည့်တည့်ထိပါတယ်။ အမြုတေလေးကတော့ ပဲ့မထွက်သွားပါဘူး။ကြေကွဲလွန်းလို့သာ ကလေးလေး ရေလို့ ခြောက်ခြောက်ခြားခြား ညည်းရှာတယ်။

ဒါပေမယ့် အမြုတေမဟုတ်မှန်း သိသွားလည်း လူတွေက လွှင့်မပစ်ပါကြဘူး။ အံ့သြလွန်းလို့တဲ့။ ဓားခုတ်ရာ တစ်ချက်ခံရတိုင်း ဒီကျောက်ခဲလေးကထွက်လာတဲ့ အသံကို ထူးထူးဆန်းဆန်းကြားချင်လွန်းလို့ အခါခါထိုးခုတ်ကြရင်း ကြာလာတော့ ပျင်းစရာကောင်းလှတယ်ဆိုကာ အမြုတေလေးကို ပြတိုက်ဆီ ပို့လိုက်ကြတယ်။

ယနေ့ထက်တိုင်လေ ။ လာသမျှဧည့်သည်တွေဟာ အမြုတေလေးရဲ့ အသံကို ကြားချင်လွန်းလို့တဲ့ ... ကြာပွတ်တံနဲ့ ရိုက်နှက်နေကြဆဲ။
တကယ်တော့ အမြုတေလေးရဲ့ “ကလေးလေး ... ကလေးလေး ... ” လို့ တမ်းတခေါ်သံကို အဆန်းတကြယ် မရှိသင့်ပါဘူး။
ဒီအမြုတေလေးဟာ မငိုတတ်တဲ့ ငါးတစ်ကောင်ရဲ့ သိုသိုဝှက်ဝှက် မျက်ရည်တွေနဲ့ ဖွဲ့တည်ခဲ့တာရယ်။


( လူကလေး tag တဲ့ ပုံပြင်လေးကို လူကလေးနဲ့ ညီမလေး nguzar ကို ပြောပြတာပါ။ ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ် ...)

7 comments:

Anonymous said...

ကျေးဇူးပါ ညီမလေးရယ်။ ရင့်နင့်စရာ ပုံပြင်လေးကို အစ်မလည်း လာနားထောင်သွားပါတယ်။ အစ်မလည်း သံဃောဇဉ်တွယ်တတ်လွန်းသူမိုလို့ပါ။ ဒီပုံပြင်အတွက် အရမ်းကျေးဇူးတင်ပါတယ်။ “ပုံပြင်တိုင်းဟာ ပုံပြင်ပဲဖြစ်ကြပါစေ၊ တကယ့်ဖြစ်ရပ်မှန်လေးတွေ မဖြစ်ကြပါစေနဲ့”လို့ အထပ်ထပ်ဆုတောင်းရင်း ငိုသွားပါတယ် မယ်ကိုးရယ်။
ပုံပြင်ကြိုက်တဲ့အစ်မ

ngukhine said...

မမေ၇... ပုံပြင်လေး နားထောင်ပြီး ... :'( :'( :'(

လူကလေး said...

သိုသိုဝှက်ဝှက်မျက်ရည်တွေနဲ့ဖွဲ့တည်ခဲ့တဲ့အမြုတေကို တောင်မှလူတွေကရိုက်နှက်၊ ထိုးခုတ်ကြသေးသတဲ့လား။ ......
သူ့ကိုမေတ္တာတကယ်ရှိတဲ့ငါးကလေးကို ကလေးလေးကငြီးငွေ့သွားရက်လိုက်တာ နေ့ရက်ရှည်ကြီးကိုအတူတူဖြတ်လာကြပြီးမှ ....
.....
ငါးကလေးရယ် မင်းနှလုံးသားအမြုတေက မင်းအကြောင်းကိုကလေးလေးသိအောင်ပြောပြနိုင် ပါစေလို့ .....


... ပုံပြင်လေးဖတ်ပြီး သားသား ငိုချင်လွန်းလို့ ငိုချပလိုက်တယ် ဘွားဘွား ။

Anonymous said...

ပုံပြင်လေးက ကောင်းလွန်းတော့ အစ်မအိမ်မှာ အဲဒီနေ့က လူစည်သွားတယ်။ အလှူလက်ဖက်နဲ့ မျက်နှာလုပ်သလိုဖြစ်သွားသလားပဲ။ တကယ်ဆို ညလေးရဲ့ အရင်အိမ်လေးမှာသာတင်လိုက်ရင် ညလေးရဲ့ချစ်ပရိတ်သတ်တွေ ဘယ်လောက်တောင် ၀မ်းသာအားရ လာအားပေးလိုက်ကြမလဲလို့ တွေးရင်း စိတ်မကောင်းဖြစ်မိတယ်။ အရင်နေရာမှာလည်း မယ်ကိုးကို မျှော်နေကြမှာပါ ကလေးရယ်..။ အဲဒီမှာလည်း အဆင်ပြေတဲ့အခါ ပြန်ရေးဦးနော်

Anonymous said...

ငါးကလေးရဲ့ငိုသံဆို အခုထက်ထိတောင် ကြားယောင်တုန်း...

းဝ)

Anonymous said...

အရင် အချိန်များ လွမ်းးးးးးးးးနေ
>.<

jr said...

ပုံပြင်လေးက ဇာတ်နာလွန်းလိုက်တာ မမယ်ရယ် ...

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates